Tuesday, January 20, 2009

ချစ်သူ....

ချစ်သူ
လောကမှာ ကံအကောင်းဆုံးဟာ ချစ်သူပါချစ်သူ….ဒါကိုမှ ချစ်သူက ဟိုလူကတော့ ဘယ်လောက်ချမ်းသာတယ် ဒီလူကတော့ ဘယ်လိုတော်တယ်။ သူကတော့ ဆရာဝန်ဖြစ်တယ်.. သူကတော့ အင်ဂျင်နီယာကြီးပဲ ဒါဆိုငါက ဘာလဲဆိုပြီ အားငယ်နေမယ်ဆိုရင် ချစ်သူဟာ ကံဆိုးသွားနိုင်ပါတယ်ချစ်သူ…။ ချစ်သူဟာ ချစ်သူဖြစ်နေပြီ ဖြစ်လို့ကို ကံကောင်းနေပါပြီချစ်သူ……။

ဒါဆို ချစ်သူက အထွန့်တက်လိမ့်မယ်..ဒီလောက်ကလေးနဲ့တင် ကျေနပ်ပြီး ဘာမှ အားမထုတ်ရတော့ဘူးလား..သူများတွကိုအားကျတာပါ။ အားငယ်တာမဟုတ်ပါဘူးလို့ ပြောမယ်မဟုတ်လားချစ်သူ..။ ဆိုလိုတာက သူများလမ်းကို ရပ်တန့်ပြီး ကြည့်နေမယ့်အစား ကိုယ့်လမ်းကို ခလုတ်မထိ ဆူးမငြိအောင် ကြည့်လျှောက်ဖို့ပါချစ်သူ။ ချစ်သူဟာ ချစ်သူ ဖြစ်နေလို့ကို ကံကောင်းနေပါပြီ ချစ်သူ….။

ချစ်သူ
လောကမှာ ချစ်သူဟာ အလှဆုံးပါချစ်သူ…။ဒါကိုမှ ချစ်သူက လှသထက်လှအောင် အစွမ်းကုန်ချယ်သပြီး အလှကို ပေါ်လွင်ချင်တယ်ဆိုရင်. ပြီးတော့ အလှအပဘက်မှာပဲ နစ်မြောနေတော့မယ်ဆိုရင်တော့ ချစ်သူဟာ ရုပ်အဆိုးဆုံး ဖြစ်သွားနိုင်ပါတယ်ချစ်သူ…။

ဒါဆိုချစ်သူက ပြောလိမ့်မယ် အလှမပြင်ရတော့ဘူးလားလို့…။ ဒီလိုပါချစ်သူ… မိန်းကလေးဖြစ်ဖြစ် ယောကျာင်္းလေးဖြစ်ဖြစ် လိုအပ်ထာထက်အလှအပဘက်မှာ နစ်မြောမနေဖို့ပါပဲ ချစ်သူ..။ ချစ်သူဟာ.. စိတ်ရင်းကောင်းတယ်. ရိုးသားမှုကိုတန်ဖိုးထားတယ် မဟုတ်တာကို အဟုတ်ကြီးလုပ်ပြီးမပြောတတ်ဘူးဆိုရင်..။ ပြီးတော့ ချစ်သူဟာ ခြေသည်းလက်သည်း ဆံကေသာမှာ ချေးညှော်ကင်းစင်အောင် နေတတ်မယ်ဆိုရင်..။ ချစ်သူရဲ့  ကျန်းမာရေးကို ဂရုစိုက်တတ်မယ်ဆိုရင်…။ ချစ်သူဟာ အလှဆုံးပါပဲချစ်သူ...။

ချစ်သူ….
ချစ်သူဟာ ချစ်သူပါပဲချစ်သူ…။



ချစ်သူ= ကိုယ်ကိုယ်တိုင်

သံသရာ

စောစောထ မျက်နှာသစ် သွားတိုက် အစာစား အလုပ်သွား အလုပ်ပြန် ရေချိုး ချက်ပြုတ် ညစာစား တီဗွီကြည့် အိပ်ယာဝင် မိုးလင်း..
စောစောထ မျက်နှာသစ် သွားတိုက် အစာစား အလုပ်သွား အလုပ်ပြန် ရေချိုး ချက်ပြုတ် ညစာစား တီဗွီကြည့် အိပ်ယာဝင် မိုးလင်း…
စောစောထ မျက်မှာသစ် သွားတိုက်………………x……………….x……………x
……………………..x………………..x

သူမသည် ဧည့်ခန်းစားပွဲ ထိုင်ခုံတွေ တီဗွီတွေ ရှိုးကေ့စ်တွေ လှေကားလက်ရန်းတွေ ကြမ်းပြင်တွေနှင့် တစ်အိမ်လုံးလိုလို ဖုန်သုတ် အမှိုက်လှည်းနေ၏။ ခဏအကြာတွင် ဖိတ်ဖိတ်လက်အောင် ပြောင်လက်သွားလေ၏။ ထိုနေ့အပြီး နောက်နေ့တွင်…
သူမသည် ဧည့်ခန်းစားပွဲ ထိုင်ခုံတွေ တီဗွီတွေ ရှိုးကေ့စ်တွေ လှေကားလက်ရန်းတွေ ကြမ်းပြင်တွေနှင့် တစ်အိမ်လုံးလိုလို ဖုန်သုတ် အမှိုက်လှည်းနေ၏။ ခဏအကြာတွင် ဖိတ်ဖိတ်လက်အောင် ပြောင်လက်သွားလေ၏။ ထိုနေ့အပြီးနောက်နေ့တွင်….
သူမသည်………x…………x…………x……….x…………x…………….x……………x……..
……………..x………………..x………………….x………….x။

အဘွားလုပ်သူ၏ ဘေးတွင် မြေးလေးတွေ ထိုင်နေကြလေ၏။ အဘွားလုပ်တဲ့သူသည် အသက်ကြီးပြီဖြစ်သည်။ သူသည် သေမည့်ရက်ကို အိပ်ယာထက်တွင် လဲလျှောင်းရင်း စောင့်နေရသိလိုဖြစ်နေ၏။ အဘွားသည် တစ်ချက်ချက် ညည်းညူနေ၏။ အဘွားက တစ်ကျွတ်ကျွတ် ညည်းညူရင်း မြေးတွေအား စကားတစ်ခွန်းနှစ်ခွန်းပြောနေသည်။
အဘွား။ ။ “ငါ့မြေးတို့ရယ် အဘွားသေရင် လူတော့ ပြန်မဖြစ်ချင်တော့ဘူးကွယ်”
မြေးများ။ ။“ဟင်း အဘွားကလည်း ဘာလို့လူပြန်မဖြစ်ချင်တာတုန်း”
အဘွား။ ။“လူတော့မဖြစ်ချင်ဘူးကွယ် လူဖြစ်ရင် သူငယ်တန်းကနေပြန်နေပြီး စာတွေ
ပြန်ကျတ်ရဦးမှာ ပျင်းတယ်ကွယ်”

----------------------------- ¬x------------------------------------------------

မစီသည် အူကြောင်ကြောင်ဖြစ်နေသည်။ သူမ ဘာမှမမှတ်မိပေ။ ဒါပေမယ့် သူမ လူမှုရေးအရ အလိုက်အထိုက်နေပေးနေရသည်။ သူမသည် ခုမှ ၁၆နှစ် ၁၇နှစ်ခန့်သာ ရှိပါသေးသည်။ သို့သော် ယခု သူမဘေးတွင် သူမသားသမီး(၃)ယောက်နှင့် သူမယောကျာင်္းဆိုသူ ရှိနေသည်။ သူတို့သည် သူမအား မုန့်များနှင့် ကျွေးမွေးဧည့်ခံနေကြလေသည်။ သူမယောကျာင်္းဆိုသူသည် သူမအား သူမနားမလည်သော မျက်လုံးတို့နှင့် ကြည့်နေသည်။ တကယ်တော့ သူမသည် အရင်ဘ၀က ထိုမိသားစု၏ အိမ်ရှင်မဟု ဆိုသည်။ သူမသည် ငယ်ငယ်တုန်းကတော့ ထိုအကြောင်းတွေကို ပြောပြသည်ဟု ယခုဘ၀ရှိ သူမ၏ မိသားစုကလည်း ပြောကြသည်။ သူမသည် ယခုတော့ ဘာကိုမှ မမှတ်မိတော့ပေ။ သူမသည် တစ်ရွာတည်းနေ အရင်ဘ၀က သူမ၏ မိသားစုအား ရပ်ဆွေ ရပ်မျိုးသဘော ခင်မင်ရုံပဲ ရှိတော့သည်။

---------------------------x-----------------x-------------------------------

Saturday, December 20, 2008

ဗုဒ္ဓဘာသာ သိစရာ

လှိုင်စုဖတ်မိတဲ့ စာအုပ်ထဲက တရားတော်အကြောင်းလေးတွေကိုပဲ များသောအားဖြင့် ဘလော့မှာ တင်ဖြစ်ပါတယ်။ အခုလည်း သစ္စာဒီပက ဆရာကြီးဦးကြည်၏ ဗုဒ္ဓဘာသာ သိစရာ ဆိုတဲ့ စာအုပ်ထဲမှ ဒီအမေးအဖြေလေးကို ဖော်ပြလိုက်ရပါတယ်။ ဗုဒ္ဓဘာသာ သိစရာဆို ခေါင်းစဉ်နဲ့အညီ စာအုပ်တစ်အုပ်လုံးကတော့ သိစရာတွေ မှတ်သားစရာတွေ အပြည့်ပါပဲ လှိုင်စုကို ဒီစာအုပ်လေး ကောင်းတယ်ဆိုပြီး ပေးဖတ်တဲ့ သူငယ်ချင်းကိုအထူး ကျေးဇူးတင်ပါတယ်။

အမေးနှစ်ဖြာ ဖြေပေးပါ
ဆရာကြီးသစ္စာဝါဒီ ခင်ဗျား.
ကျွန်တော် ရိုသေစွာ စာရေးသားပေးပို့အပ်ပါသည်။ ကျွန်တော် မေးခွန်းနှစ်မျိုး မေးလိုပါသည်။ သည်းခံသောအားဖြင့် မေတ္တာအလျှောက် ဖြေကြားပေးပါခင်ဗျား။

၁။ ဖြစ်ပျက်ကို မုန်းအောင် ရှုရမှာလား။
ကမ္မဋ္ဌာန်းဆရာအချို့ က ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို မြင်လျှင် သိလျှင် မုန်းအောင်ရှု၊ မုန်းလျှင် ဆုံးသွားမည်။ ဆုံးလျှင် မဂ်ပဲတဲ့။ အဲဒီလို ဟောတာပြောတာကို ကြားရ သိရပါ၍ ကျွန်တော် မနှစ်မြို့ပါ။ အကြောင်းကတော့ မုန်းအောင်ရှုဆိုတဲ့ အသုံးအနှုန်းပါပဲ။ မုန်းတယ်ဆိုရင် ဒေါသကိလေသာ ဖြစ်တာပဲ။ ဒီလိုဒေါသစိတ်ဖြစ်ပေါ်နေတဲ့ ယောဂီမှာ မဂ်ရဖို့၊ မဂ်ဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ခံယူထားပါတယ်။ အဲဒီခံယူချက် အတိုင်းလည်း ကျွန်တော် ကျင့်သုံးပါတယ်။ ဒီ(မုန်း)ဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်တော့အယူအဆမှ တရားမထိုင်မီ အချိန်ကာလများစွာကပင် ရုပ်၊နာမ် တို့၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကိုသိလို့ မြင်လို့ မနှစ်မြို့ တော့လို့ နိဗ္ဗာန်ကို ရရာရကြောင်း မဂ်ပေါက် ဖိုလ်ပေါက်အတွက် တရားထိုင်တာ၊ တရားနှလုံးသွင်း ကျုင့်သုံးတာပဲလို့ ယူဆထားပါတယ်။ အဲဒီလောက်နဲ့ မပြည့်စုံဘူးလား ဆရာကြီးခင်ဗျား ပြန်ကြားပေးပါ။


၂။ဘုရားရှေ့ မှာ တင်ပလ္လင်ခွေပြီး တရားထိုင်နိုင်ပါသလား
ရဟန်းပုဂ္ဂုလ်၊ လူပုဂ္ဂုလ်အများစု တရားထိုင်လျှင် ဘုရား၏ မျက်မှောက်တော်ရှေ့ မှာ ထိုင်နေကြပါတယ်။ (တရားစခန်းကို မဆိုလိုပါ)။ အဲဒါကိုလည်း ကျွန်တော် မနှစ်မြို့ ပါ၍ မကျင့်သုံးပါ။ ဘုရားရှေ့ မှာ မဆိုထားနှင့် သမုတိသံဃာတော်များ ရှေ့ မှောက်မှာပင် တင်ပလ္လင်ခွေ ထိုင်ဝံ့လို့လား။ ထိုင်လို့ကော သင့်လျော်ပါသလား။ ထိုင်ကော ထိုင်ကြပါသလား။ (ဘုန်းတော်ကြီးကျောင်းများနှင့် အလှူအိမ်မှာ ဆိုလိုပါသည်) အဲဒီလို ဘုရားရှေ့မှာ တရားထိုင်ခြင်းကို သက်တော်ထင်ရှား ရှိစဉ်ကတည်းက မြတ်စွာဘုရားပင် ခွင့်မပြုခဲ့ပါဘူး။ ကျွန်တော်လက်လှမ်းမီသလောက် ဖတ်ရှုလေ့လာဖူးတဲ့ ဘာသာရေး ကျမ်းစာအုပ်များမှာလည်း ခွင့်ပြုတာ မတွေ့ခဲ့ရပါဘူး။ ကျွန်တော့စိတ်ထဲမှာ ဒီလိုဘုရားရှေ့ မှာ တင်ပလ္လင်ခွေထိုင်ခြင်းဟာ မရိုသေရာ အံတုရာကျလို့ တရားမရနိုင်ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တော့ မထိုင်ဝံ့ပါဘူး။ ကျွန်တော်၏ အဲဒီအယူအဆ မှန်မမှန် ဖြေကြားပေးပါ ဆရာကြီးခင်ဗျား။
ဆရာကြီး ကျန်းမာပါစေ။

ဦးမြစိန်(ရွှေစွန်ညို)
ဓနုဖြူမြို့ ။
(၂၁-၁၂-၉၃)

ဤစာ ကျွန်ုပ်ထံသို့ (၂၁-၂-၉၄) နေ့မှ အနန္တငါးဖြာ မဂ္ဂဇင်းတိုက်မှ လာပို့ပါသည်။ မှတ်ပုံတင်စာဖြစ်ပါလျက် မည်သို့သောအကြောင်းကြောင့် လမ်းတွင် ဤမျှကြာနေရသည် မသိ။ မေးခွန်းမေးသော ဦးမြစိန်မှာ တရားသမားဖြစ်သည်။ သူသိလိုသော မေးခွန်း(၁)၏ သဘောမှာ ၀ိပဿနာ အားထုတ်ခြင်း၌ မြတ်စွာဘုရား၏ ကိလေသာအစွန်းဘက်မလိုက်သော မဇ္ဈိမပဋိပဒါ လမ်းစဉ်ဟူသော မဂ္ဂင်ရှစ်ပါးဝါဒသည် မည်သည့်ဘာသာမှာမှ မရှိသော အစွန်းထွက်ဝါဒအရ ဤသာသနာတ်ာကို စတင်တည်ထောင်စဉ်ကပင်….
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ
ချစ်သားတို့- ကိလေသာအယုတ်ကို နှင်ထုတ်လိုသောသူသည် လောဘ ဟူသော ကာမသုခလ္လိက အစွန်း၊ ဒေါသဟူသော အတ္တကိလမထအစွန်း၊ ဤအစွန်းတရားနှစ်ပါးကို မမှီဝဲအပ်၊ အသုံးဆောင်အပ်…ဟူ၍ သာသနာ၏မူ၊ တရားတော်၏မူကို ချမှတ်ခဲ့သည်။

သံခိတ္တယုတ်
အခါတစ်ပါး၌ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် တရားတစ်ပုဒ် အကျဉ်းချုပ်ဟောပေးရန် တောင်းပန်သောအခါ မြတ်စွာဘုရားက…
ဂေါတမီ-အကြင်တရားတို့ကို ဤတရားတို့ကား တပ်မက်မှု ရာဂကင်းရန်သာ ဖြစ်ကုန်၏။ ရာဂဖြစ်ခြင်းငှာ မဟုတ်ကုန်၊ ၀ဋ်ဆင်းရဲကို ဖျက်ဆီးရန်သာ ဖြစ်ကုန်၏။ ၀ဋ်ဆင်းရဲ ပွားစီးရန် မဖြစ်ကုန်။ အလိုနည်းရန်သာ ဖြစ်ကုန်၏။ အလိုကြီးရန် မဖြစ်ကုန်။ ရောင့်ရဲရန်သာ ဖြစ်ကုန်၏။ မရောင့်ရဲရန် မဖြစ်ကုန်။ ဆိတ်ငြိမ်ရန်သာ ဖြစ်ကုန်၏။ အပေါင်းအဖော်နှင့် နေရန် မဖြစ်ကုန်။ ကြိုးစားအားထုတ်ရန်သာ ဖြစ်ကုန်၏။ ပျင်းရိရန် မဖြစ်ကုန်။ မွေးမြူလွယ်ရန်သာ ဖြစ်ကုန်၏။ မွေးမြူခက်ရန် မဖြစ်ကုန်ဟု သိငြားအံ့။ ဂေါတမီ ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်းဟု မှတ်လေလော့ဟု မိန့်တော်မူ၏။
ဤကား အင်္ဂုတ္တရ၊ အဋ္ဌကသံခိတ္တသုတ် အကျဉ်းချုပ်တည်း။ ထို့အတူ သတ္တကနိပါတ်၊ သတ္တသာသနသုတ်၊ ဥပါလိကို ဟောရာ၌လည်း ဤသဘောမျိုးပင်။ ဆိုလိုသည်မှာ မြတ်စွာဘုရား၏ သံသရာပြတ်ရေးတရားတော်မှာ သံသရာကို ကျယ်စေသော ချဲ့ တတ်သော ကိလေသာကို ကွာအောင် ပြတ်အောင် ပြုကျင့်အားထုတ်ရသော အလုပ်ကို သတိပဋ္ဌာန်အလုပ်၊ ၀ိပဿနာအလုပ်ဟု ခေါ်စရာ မြတ်စွာဘုရား၏ အနတ္တလက္ခဏသုတ် နိဂုံးချုပ်ပုံကို ကြည့်ပါ။
ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ
အရိယသာဝကော ရူပသ္မိံပိ နိဗ္ဗန္ဒတိ
နိဗ္ဗန္ဒံ ၀ိရဇ္ဇတိ ၀ိရာဂါ ၀ိမုစ္စတိ

“ချစ်သားတို့- အရိယာ၏ အဆုံးအမကို လိုက်နာလေ့ကျင့်သော အရိယာ၏ တပည့်သည် ဤရုပ်နာမ် သဘာဝတို့ကို အမှန်အတိုင်း ရှုကြည့်ဖန်များလတ်သော် ရုပ်ဟူသော ဖောက်ပြန်မှုတို့၌လည်း ငြီးငွေ့၏။ ငြီးငွေ့ခြင်းကြာသော် တပ်မက်မှုကင်းမည်။ တပ်မက်မှုမရှိသော် ကိလေသာမှ လွတ်၏” ဟု ဟောတော်မူသည်။

ငြီးငွေ့ခြင်း
ကျွန်ုပ်တို့ ခန္ဓာကို ၀ိပဿနာရှုရာတွင် ရူပက္ခန္ဓာဟူသော ဖောက်ပြန်မှုအစုကို ခန္ဓာတစ်ကိုယ်လုံး၌ အဆက်အပြတ် သတိကပ်ကာ ရှုကြည့်ကြသောအခါ တစ်ကိုယ်လုံးရှိ ရုပ်ပရမတ်တို့သည် တစ်ဖြုတ်ဖြုတ် တစ်သုတ်သုတ် စသည်ဖြင့် စိတ်ငြိမ်လျှင် ငြိမ်သလောက် ကြာကြာရှုကြည့်မိသောအခါ မိမိအလွန်တွယ်တာသော ခန္ဓာကို တွယ်တာမှု အားနည်းကာ ငြီးငွေ့လာပါသည်။ ဤငြီးငွေ့မှုကြာက တပ်မက်ခြင်းကင်းမှု စသော သူ့ဥာဏ်လမ်းစဉ်အရ သွားမည်သာတည်း။
ဤနေရာတွင် ဦးမြစိန်အမေး၌ ရုပ်နာမ်ဖြစ်ပျက်ကို မုန်းအောင်၊ ဆုံးအောင်ရှုဟူသော လမ်းညွှန်ချက်ကို မကျေနပ်၍ မေးခြင်းဖြစ်ရာ “မုန်း” ဟူသော စကားလုံးသည် “ဒေါသ” ကိလေသာဖြစ်၍ သူမနှစ်မြို့ ကြောင်း ဖော်ပြရာ သဘာဝ တရားသဘောက ဤတည်ငြိမ် ခိုင်မာမှုမရှိသော ရုပ်နာမ်ခန္ဓာသည် လိုချင်တွယ်တာစရာ မဟုတ်သော ငြီးငွေ့စရာ ဖြစ်သည်ကို အချို့ ဆရာတို့က နာယူသူတပည့်များ သိလွယ်စေလိုသော သဘောနှင့် လောက၌ သုံးသကဲ့သို့ ရွံရှာခြင်း၊ စက်ဆုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွံမုန်းခြင်း အဓိပ္ပါယ်မျိုးအတွက် “ဒေါသကိလေသာ” အသုံးမျိုးမဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့အနေနှင့်လည်း ဤ “မုန်း” ဟူသော စကားလုံးကို လုံးဝ မသုံးပါ။
ငြီးငွေ့ခြင်းဟူသော စကားမှာ စာလိုသုံးခြင်းဖြစ်၍ အဋ္ဌကထာများ ဖော်ပြရာ၌…
သော၊ ရုပ်ပရမတ်တို့၏ ဖောက်ပြန်ပျက်စီးခြင်း။ နာမ်ပရမတ်တို့၏ သိပျက်စီးခြင်းကို တစ်ရှုတည်းရှု တစ်သိတည်းသိ၍ ခန္ဓာ၏အပြစ်ချည်းသာ သိမြင်နေသော ယောဂီသည်။ ဧ၀ံ၊ ဤသို့။ သဗ္ဗသင်္ခါရေ၊ အလုံးစုံသော သင်္ခါရတို့၌၊ အာဒိန၀တော၊ အပြစ်ဟု။ ပဿန္တော၊ တစ်ရှုတည်းရှုသည်ဖြစ်၍။ သဗ္ဗဘ၀ ယောနိ ဂတိ ၀ိညာဏဋ္ဌိတိ သတ္တာဝါသဂတေ၊ အလုံးစုံသောဘ၀ အလုံးစုံသော ယောနိ အလုံးစုံသော ရတိ၊ အလုံးစုံသော ၀ိညာဏဋ္ဌီတိ အလုံးစုံသော သတ္တ၀ါသတို့ ကျရောက်သော။ သဘေဒကေ၊ ပျက်စီးသော သဘောရှိသော။ သင်္ခါရဂတေ၊ ရုပ်နာမ်သင်္ခါရ အပေါင်း၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဥက္ကဏ္ဍတိ၊ ပျင်းရိ၏။ နာဘိရမတိ၊ မမွေ့လျော် မပျော်။
(ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ-၂၁၊ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ-၂၈၇)

စင်စစ် ငြီးငွေ့ခြင်းနှင့် မုန်းခြင်းမှာ အလွန်ခြားနားပါသည်။ ဝေဒနာ-ခံစားချက်အားဖြင့်လည်း ငြီးငွေ့ခြင်းသဘောသည် ဥပေက္ခာဝေဒနာသဘောသာဖြစ်၍ မုန်းခြင်းသဘောသည် ဒေါမနဿ ဝေဒနာ ဖြစ်လေသည်။ မည်သို့ဖြစ်စေ “ငြီးငွေ့ခြင်း၊ မုန်းခြင်း” စကားလုံး အသုံးအစွဲကိုသာ ကျွန်ုပ်တို့ စိစစ် ဝေဖန်နေခြင်းဖြစ်၍ ရုပ်နာမ်ခန္ဓာတို့၌` အာဒိနာဝါ နုပဿနာဥာဏ်သည် ခန္ဓာ၌ တကယ်အပျက်ချည်း ဒလစပ် မြင်နေသောအချိန် ယောဂီ၏ ဥာဏ်တွင်…
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဥက္ကဏ္ဍတိ၊ ပျင်းရိ၏။ နာဘိရမတိ၊ မမွေ့မလျော်။ စိတ္တံ၊ စိတ်သည်။ နသဇ္ဇတိ၊ မကပ်။ နလဂ္ဂတိ၊ မငြိ။ နမဇ္ဈတိ၊ မမိမဖွဲ့ ။ ဟု အဋ္ဌကထာပြ၏။
ယောဂီ၏ အဘယ်ကြောင့် ဤခန္ဓာပေါ်၌ မမွေ့လျော်၊ အပျော်ပိုက်ဘဲ ငြီးငွေ့ပါသနည်း ဆိုသော် နန်းတော်တွင် ရွှေလှောင်ချိုင့်အတွင်း သွင်းထားသော ခြင်္သေ့မင်းသည် ထိုရွှေချိုင့်၌ မမွေ့မလျော်၊ မပျော်၊ တောသုံးတောင်၌သာလျှင် ပျော်ပိုက်သော ခြင်္သေ့မင်းကဲ့သို့
“ဧ၀ံတထာ၊ ထို့အတူ။ အယံ ယောဂီသိတော၊ ဤယောဂီပုဂ္ဂိုလ် ခြင်္သေ့မင်းသည်လည်း။ တိဝိမေ၊ သုံးပါးအပြားရှိကုန်သော။ သုဂတိဘဝေပိ သုဂတိဘ၀၊ ဘုံဋ္ဌာန၌လည်း။ နဘိရမတိ၊ မမွေ့မလျော် မပျော်။ တိသုပန အနုပဿနာသုယေ၀၊ သုံးပါးသော အနုပဿနာတို့ ၌သာလျှင်။ ရမတိ၊ မွေ့လျော်၏” ဟူ၍…
အဋ္ဌကထာတို့၌ ဥပမာများနှင့် ပြပေသည်။ အချုပ်မှာ-
“ငြီးငွေ့ခြင်း” ဆိုသည်မှာ ခန္ဓာ၏ အပြစ်ကို ကိုယ်တိုင်ဥာဏ်ဖြင့် သိမြင်နေရသော ယေယာဂီအား မိမိ ခင်မင်တွယ်တာခဲ့သော ခန္ဓာသည် သူ့အကြောင်း အမှန်သိသဖြင့် တွယ်တာမှု ကင်းဝင်းသော သံဝေဂဖြင့် ငြီးငွေ့ခြင်။
“မုန်း” ဆိုသည်မှာ ခန္ဓာ၏ သဘာဝအမှန်သည် ယူစရာ၊ ရစရာ မရှိအောင် ပျက်စီးနေသည်ကို မြင်သော ယောဂီ၏ ဥာဏ်သည် အမှန်ငြီးငွေ့နေသည်ကို ကိုယ့်ဘာသာနှင့် ညွှန်ပြသော ဆရာက ယောဂီနားလည်စေလိုသော စေတနာဖြင့် အရပ်သုံးစကားနှင့် သုံးခြင်းသာ ဖြစ်ပါလိမ့်မည်။
မေးခွန်းမေးသော ဦးမြစိန်လည်း “မုန်း” ဆိုသော စကားလုံးကိုသာ မကြိုက်ခြင်းဖြစ်၍ တရားတော်သဘော သဘာဝကား ခန္ဓာကို သံဝေဂဥာဏ်ဖြင့်သာ သိနေပါဟု တိုက်တွန်းလိုက်ပါသည်။

နံပါတ်(၂) မေးခွန်းအတွက်-
မြတ်စွာဘုရားရှေ့ တော်တွင် တင်ပလ္လင်ခွေ တရားမထိုင်သင့်ကြောင်းဖြစ်၍ အဖြေမှာ မဟာသတိပဋ္ဌာန်၊ ကာယာနုပဿနာအစ အာနာပါနပိုင်းတွင် တရားအားထုတ်မည့် ယောဂီသည်-
အရညာတောဝါ - တောမှာဖြစ်ဖြစ်
ရုက္ခမူလဂတောဝါ - သစ်ပင်ရင်းမှာဖြစ်ဖြစ်
သုညဂါရ၀တောဝါ - တိတ်ဆိတ်ရာမှာဖြစ်ဖြစ်
ပလ္လင်္ကံအာတုဇိတွာ - တင်ပလ္လင်ခွေထိုင်၍
ဥဇုံကာယံပဏိဓာယ - ကိုယ်ကိုဖြောင့်ဖြောင့်မတ်မတ် ထား၍ ဟု ဆိုသည်။

ဝိပဿနာရှုရာတွင် £ရိယာပုတ်ကို ကန့်သတ်ထားဖို့ မြတ်စွာဘုရား လုံးဝမဟော။
£ရိယာပထ ပမ္ပဇဉ်ပိုင်းများတွင် လေ့လာကြည့်ပါက မြတ်စွာဘုရား သိစေလိုသည်မှာ ဤခန္ဓာသည် မည်သည့်£ရိယာပုတ် အနေအထားတွင်ပင် ရှိရှိ အညံ့ဆုံးအားဖြင့် ဥစ္စာရပဿဝက ဓမ္မသမ္ပဇာနကာရိဟောတိ ကျင်ကြီး ကျင်ငယ်စွန့်ရာ အိမ်သာထဲ၌ပင် ခန္ဓာ၏ အမှန်တရားကို အမှန်အတိုင်း သိစေလိုသည်။
တရားအားထုတ်မည့် ယောဂီသည် တရားအားမထုတ်မီ မြတ်စွာဘုရား၏ ဂုဏ်တော်များကို အာရုံမိစွာ ရှိခိုးပူဇော်ပြီးမှ မြတ်စွာဘုရား အလိုတော်ကျ တစ်ခုခုသော £ရိယာပုတ်ဖြင့် တရားအားထုတ်ရာတွင် မိမိကိုယ်ကို သက်သာသော အထိုင်ဖြင့် ထိုင်ရာတွင် တင်ပလ္လင်ခွေလည်း ထိုင်ဖြစ်မည်။ အခြားသော သွား-ရပ်-ထိုင်-လျောင်းလည်း ဖြစ်ချင်ဖြစ်မည်။
ထိုအချိန်တွင် ဘုရားရှိခိုးသော အချိန်မဟုတ်။ မြတ်စွာဘုရားလမ်းညွှန်ချက်ကို အလေးအစားဆုံး(သမာဓိစိပ္ပဋပ္ပန္န) ဦးခေါင်းဖြင့် ခံယူပြီူး လိုက်နာအားထုတ်နေချိန် ဖြစ်သည်။
သို့ရာတွင် အရိုအသေပြုထိုင်ခြင်းကား ကောင်းပါသည်။(ဤနေရာတွင် ယထာဘူတကျအောင် အတိအကျ ဆွေးနွေးလျှင်ကား တစ်ဖက်စွန်းရောက်မည်ကို စိုးရိမ်ပါသည်။)
သို့ရာတွင် ရတနာသုံးပါးကို ဆည်းကပ်သောအခါတို့၌ “ဥက္ကုဋိကံ နိသိဒိတွာ အဉ္ဖလိံ ပဂ္ဂဟေတွာ” ဆိုသောကြောင့် ဆောင့်ကြောင့်ထိုင်၍ လက်အုပ်ချီရသည်။
မြတ်စွာဘုရားနှင့် သံဃာတော်၊ ဆရာသမား၊ မိမိဆရာ သမားများထံ ဆည်းကပ်သော အခါမျိုး၌ “ဇဏ္ဏုကာနိပတိတွာ တဿတိမုခံကရိတွာ” ဆိုသောကြောင့် ပုဆစ်ဒူးချ၍ အမျိုးသမီးများ ထိုင်သကဲ့သို့ ထိုင်သင့်ကြောင်း ပြဆိုထားသဖြင့် တရားအားထုတ်သူများအတွက် ဣရိယာပုတ်မရွေး ထိုင်နိုင်ကြောင်းနှင့် တရားထိုင်သည် ဆိုခြင်းမှာ ခန္ဓာပေါ်တွင် ဥာဏ်ထိုင်ဖို့ လိုကြောင်း ဖြေကြားလိုက်ပါသည်။ သဘောပေါက်ပါစေ။
(အနန္တငါးဖြာ မဂ္ဂဇင်း အတွဲ၂၊ အမှတ်၎)

သစ္စ၀ါဒီ


အားလုံးကျန်းမာပျော်ရွှင်ကြပါစေ….။

Friday, December 5, 2008

ဗုဒ္ဓဘာသာငါးမျိုး

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက “နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်” ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ် တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊ ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ “အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏” ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။


(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ….. )

Monday, November 3, 2008

ဒါတွေလုပ်ရန်မလွယ်ပါ...

♦ တောင်းပန်ရန်
♦ ဆက်လက်ကြိုးစားနေရန်
♦ အစမှ ပြန်စရန်
♦ စဉ်းစားပြီးနောက် အကောင်အထည်ဖော်ရန်
♦ အမှားကို ၀န်ခံရန်
♦ ချိန်ချိန်ဆဆရှိရန်
♦ တစ်ကိုယ်ကောင်းမဆန်ရန်
♦ အရှုံးထဲမှ အမြတ်ထုတ်ရန်(အဆိုးထဲမှ အကောင်းမြင်ရန်)
♦ အကြံဥာဏ် တောင်းရန်
♦ ခွင့်လွှတ်သည်းခံမေ့ပစ်ရန်
♦ ပေးကမ်းစွန့်ကြဲရန်
♦ ထိန်းမရသော ဒေါသကို လျော့ပါးစေရန်
♦ အပြစ်ဖို့မှုကို ခါးစည်းခံရန်

Friday, September 19, 2008

ပြတ်တောက်သွားသော အဖြူရောင်ကြိုး

တကယ်တော့ ငါတို့နှစ်ယောက်က
သူငယ်ချင်းတွေပဲ ဖြစ်သင့်တာပါ...
ဒါကိုပဲ တစ်ယောက်ကိုတစ်ယောက်
ရင်ဘက်ထဲမှာ ထည့်ခဲ့မိကြတော့
နင်လည်း ငါ့ရင်ဘက်ထဲမှာ သေခဲ့ရသလို
ငါလည်း နင့်ရင်ဘက်ထဲမှာ သေဆုံးခဲ့ရတာပေါ့......။

Monday, March 17, 2008

မိခင်မေတ္တာအစွမ်း

ဒီလိုနယုန်လ ဆိုရင် သူတို့ရွာက မြစ်ကမ်းဘေးနားမှာဆိုတော့ မြစ်ရေတွေက ကျွန်းမြေတွေကို တဖြည်းဖြည်း ၀ိုင်းပတ်ပြီး ကျွန်းမြေတွေက မြေနေရာကျဉ်းလာတဲ့အချိန်၊အဲဒီလိုရေတိုးခါစအချိန်မှာ ငါးတွေက မိတ်လိုက်တဲ့ အချိန်လို့သူတို့သိထားတယ်။ငါးတွေက ဒီလိုအချိန်ဆိုရင် ကုန်းမြေနားမှာ ပေါပေါများများ ရောက်ရောက်လာ တက်ကြတဲ့အချိန်။ ကြွက်တွေက အဲဒီမြေနေရာကျဉ်းကျဉ်းကျွန်းမြေလေးတွေပေါ်မှာ မြေကျဉ်းတူးပြီး စုနေရတဲ့အချိန်။ အဲဒီလိုအချိန်မှာ သူတို့တတွေ ငါးထောင်ဖမ်းတဲ့အလုပ်ကိုလုပ်ကြတယ် စီးပွားဖြစ်လုပ်ကြတယ်။ သူတို့ငါးထောင်ဖမ်းဖို့အတွက် ငါးစာအဖြစ်သုံးတာကတော့ ကျွန်းမြေကျဉ်းလာလို့တွင်းတူးပြီးနေကြရတဲ့ ကြွက်တွေပါပဲ။ အဲဒီကြွက်တွေနေတဲ့တွင်းကို တူးဖော်ပြီး ကြွက်ကိုဖမ်းပါတယ်။ ပြီးတော့ကြွက်ရဲ့ကျောကုန်းက အရေပြားကို ချိတ်ကလေးနဲ့ချိတ်ပြီး ရေထဲမှာ ချထားလိုက်ပါတယ်။ ငါးကိုထောင်ဖမ်းမဲ့ပိုက်မှာ တန်းစီပြီးကြွက်တွေကျောကုန်းမှာ ချိတ်နဲ့ ချိတ်ပြီး ရေထဲမှာတစ်ညလုံးချထားလိုက်တယ်။တစ်နေ့တော့ ငါးစာအတွက်ကြွက်သားအမိ၃ကောင်ကိုမိတယ်။ အဲဒီညမှာပဲမိထားတဲ့ကြွက်သားအမိ၃ကောင်ထဲက ကြွက်မကြီးကိုငါးစာအဖြစ် ကျောကုန်းကို ချိတ်နဲ့ချိတ်ပြီးတော့ ရေထဲမှာချထားလိုက်တယ်။ ကြွက်မကြီခမျာရေထဲမှာ သူ့အရေပြားကို ဖောက်ပြီး တက်ထားတဲ့ ချိတ်ကြီးနဲ့ ရေထဲမှာ ကူးခက်နေရတယ်။
ကြွက်မကြီးရဲ့ နို့စို့အရွယ်သားပေါက်လေး၂ကောင်ကလည်း နို့စာလှပြီ။ ကြွက်မကြီးရဲ့နို့ကလည်း တင်းလှရှာပြီ။ ကြွက်မကြီးကံကောင်းတယ်လို့ပြောရမယ်။ အဲဒီညမှာ သူ့ကို ဘယ်ငါးကမှ မစားသွားရှာဘူး။
ငါးမစားတဲ့ကြွက်ကို နေ့ခင်းမှာ သူတို့ပြန်ပြီး ကြွက်တွေဖမ်းထားတဲ့ လှောင်အိမ်အကြီးကြီးထဲမှာ ပြန်ထည့်တဲ့အလုပ်လုပ်ရတယ်။ ဒီနေ့လည်း တစ်ညလုံးကူးခက်ပြီး မောပန်းနေတဲ့ကြွက်တွေကို
ပိုက်မှာချိတ်နဲ့ချိတ်ထားရာကနေ ပြန်ဖြုတ်ပြီးတော့ လှောင်အိမ်ထဲကို သူသွားထည့်လိုက်တယ်။ အဲဒီမှာ သူသွားမြင်လိုက်တဲ့မြင်ကွင်းက ကြွက်ကလေး၂ကောင်ရဲ့မိခင် ကြွက်မကြီးဟာ တစ်ညလုံး ကျောကုန်း အရေပြားကို ချိတ်နဲ့အချိတ်ခံထားရပြီး ရေထဲမှာကူးခက်ထားရလို့မောပန်းနာကျင်နေပေမယ့် လှောင်အိမ်ထဲကိုသူရောက်သွားတယ်ဆိုရင်ပဲ သူ့ရဲ့နာကျင်တာတွေကို မမှုဘဲ နို့အရမ်းစာနေတဲ့သူ့မရဲ့ ကလေး၂ကောင်ကို လှောင်အိမ်ထဲဝင်ဝင်ချင်း ပတ်လက်လှန်လှဲချပြီးတော့ နို့တိုက်တော့တာပဲတဲ့။ အဲဒီမြင်ကွင်းကိုမြင်လိုက်တဲ့သူဟာကြက်သီးဖြန်းဖြန်းထပြီး ဒီအလုပ်ကိုလည်း သူထာဝစဉ် စွန့်လွှတ်လိုက်တော့တယ်။

(တကယ့်အဖြစ်အပျက်ကလေးပါ။ ဟိုနေ့က လှိုင်စုတို့အိမ်ကို လာလည်တဲ့ဖေဖေရဲ့ မိတ်ဆွေဦးလေးကြီးတစ်ယောက်က သူတို့ရွာရဲ့ အဖြစ်အပျက်ကလေးကို ပြောပြတာပါ။ မိခင်မေတ္တာအရမ်းကြီးမားပုံကို သူငယ်ချင်းတို့ကို လှိုင်စုက ပြောပြတာပါ။) တကယ်ကိုမှ အဲဒီလူကြီးဟာ သူသေတဲ့အထိ အဲဒီအလုပ်ကို စွန့်လွှတ်သွားခဲ့တာပါတဲ့။